တိုက်ခန်းတွေမှာ စိတ်ကြွဆေးသုံးပြီး ညစ်ညမ်းဗီဒီယိုရိုက်ပြီဆိုရင် ၀မ် ၁ သန်းရှာနိုင်မယ်လေ..

သတင်​းစုံ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေစပြီး ဒီနေ့အချိန်ထိ မပြီးဆုံးနိုင်တဲ့ K-pop လောကရဲ့ အရှုပ်တော်ပုံဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ Burning Sun ကလပ်ရဲ့ ပြည့်တန်ဆာလုပ်ငန်းအရှုပ်တော်ပုံအကြောင်းကို ထိုကလပ်မှာ ပြည့်တန်ဆာအဖြစ်နဲ့ လုပ်ကိုင်ခဲ့တဲ့မိန်းကလေးတစ်ယောက်က MBC ရုပ်သံဌာနရဲ့ Straight အစီအစဉ်မှာ ခရေစေ့တွင်းကျထုတ်ဖော်ပြောပြခဲ့ပါတယ်။

ထိုမိန်းကလေးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လူချမ်းသာရပ်ကွက်မှာရှိတဲ့ ကလပ်တွေမှာ အသက်မပြည့်သေးတဲ့ပြည့်တန်ဆာတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ Miss B လို့ အမည်ဝှက်ပေးထားတဲ့ အဆိုပါမိန်းကလေးဟာ ထိုအချိန်တုန်းက အသက်မပြည့်တဲ့ပြည့်တန်ဆာဖြစ်ပြီး ဧည့်သည်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုပေးနိုင်ရင် ၀မ် ၃ သိန်းကနေ ၅ သိန်းအကြားရရှိတယ်လို့ ပြောပြခဲ့ပါတယ်။

သူမတို့တွေကို ကလပ်ရဲ့ MD က စီစဉ်ပေးတာဖြစ်ပြီး ညဘက်တွေမှာ အရေးကြီးတဲ့ VIP ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့အတွက်ဆိုရင်လည်း ကြိုပြီးအသိပေးတယ်လို့ ဆိုပါတယ်။ “ရှင်တို့တွေက ဒီလိုမျိုးတွေကို မြေအောက်ခန်းတွေမှာရှိတဲ့ ပြည့်တန်ဆာအခန်းတွေမှာပဲရှိတယ်လို့ ထင်ကြပေမယ့် ဒါတွေက နာမည်ကြီးကလပ်တွေမှာလည်း ရှိပါတယ်။ ကလပ်ထဲမှာ လိင်ဆက်ဆံပေးရင် ၀မ် ၃ သိန်း ($250 USD) ရပြီး သူတို့တွေနဲ့အပြင်လိုက်သွားနိုင်ရင်တော့ ၀မ် ၅ သိန်း ($420 USD) ရပါတယ်။ ပိုက်ဆံကိုတော့ ကလပ်ရဲ့ MD က မနက်ကျရင် အခန်းကိုလာပေးပါတယ်” လို့ ဆိုကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အသက်မပြည့်တဲ့ ပြည့်တန်ဆာမိန်းကလေးတွေ အများစုဟာ အိမ်ကနေထွက်ပြေးလာကြသူတွေဖြစ်ကြပြီး တချို့တွေဆိုရင် အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ အလယ်တန်းကျောင်းသူအရွယ်တွေဖြစ်ကြပါတယ်။ VVIP ဧည့်သည်တွေဆိုရင် အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာမိန်းကလေးတွေကို ၀မ် ၁၀ သန်း ($8,500 USD) ပေးပြီး ခေါ်ယူကာစိတ်ကျေနပ်မှုကိုရှာဖွေကြရုံသာမက တိုက်ခန်းတွေကိုခေါ်ဆောင်သွားပြီး တားမြစ်ဆေး၊ စိတ်ကြွဆေးတွေတိုက်ကာ ဗီဒီယိုရိုက်ကူးမှုတွေတောင်ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ထိုဗီဒီယိုတွေကို ညစ်ညမ်းဗီဒီယိုလို့ခေါ်ကြပြီး ဒီလိုမျိုးရိုက်ကူးတဲ့အနေနဲ့ အဆိုပါပြည့်တန်ဆာမိန်းကလေးတွေကို ၀မ် ၁ သန်းပေးတယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

“ဂန်နမ်မှာက ဆေးလိပ်ထက် တားမြစ်ဆေးတွေကို ရှာဖွေရတာပိုလွယ်တယ်လို့ ပြောကြပါတယ်။ ဒါက အဆိုးဝါးဆုံးပါပဲ။ မင်းတို့တွေရဲ့ ကိုယ်ခန္ဓာပိုင်းကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးနိုင်တဲ့အရာတွေပါ။ အဲဒီက ကလေးမလေးတွေက ပြည့်တန်ဆာအခန်းတွေကနေ ပြောင်းလာကြသူတွေရှိသလို တချို့တွေကျတော့လည်း အကြွေးတွေကို မပေးနိုင်လို့ ကလပ်မှာပဲနေပြီး အလုပ်လုပ်ရတဲ့သူတွေလည်း ရှိပါတယ်။”

“တိုက်ခန်းတွေမှာ ဆေးထိုးအပ်တွေကို ထားပေးထားတယ်။ တကယ်လို့ စိတ်ကြွဆေးသုံးပြီး ညစ်ညမ်းဗီဒီယိုရိုက်ပြီဆိုရင် ၀မ် ၁ သန်းရှာနိုင်မယ်လေ။ ကြေးအကြီးဆုံးပေးနိုင်တဲ့ ဧည့်သည်ကတော့ သူတို့လိုချင်တဲ့ ပြည့်တန်ဆာပုံစံမျိုးကို သူတို့ရွေးလို့ရပြီး သူတို့ရွေးခဲ့ဖူးတဲ့ ကောင်မလေးဆိုရင် အသက် ၁၄ နှစ်ပဲ ရှိသေးတယ်”

“VIP ဧည့်သည်တွေက ကျွန်မတို့တွေကို အသက်မပြည့်သေးဘူးဆိုတာ သိကြတယ်လေ။ သူတို့ကလည်း အသက်မပြည့်သေးတဲ့သူကိုပဲလိုချင်ကြတာ။ တကယ်လို့များ MD က သူတို့တွေကို လှည့်စားပြီး အသက်ပြည့်တဲ့သူတစ်ယောက်ကို ထည့်ပေးလိုက်ပြီဆိုရင်တော့ ပိုက်ဆံမရတော့ဘူးပဲ” လို့ဆိုကာ Miss B က ပြည့်တန်ဆာမိန်းကလေးတွေအပေါ် တန်ဖိုးဖြတ်ပုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည်တွေ ပြန်သွားပြီဆိုရင်တော့ အဆိုပါတိုက်ခန်းတွေမှာရှိတဲ့ တရားမ၀င်ပစ္စည်းတွေကို ဖျက်ဆီးရှင်းလင်းမယ့် အဖွဲ့ကလာရောက်ကာ အခန်းတစ်ခန်းလုံးကို ရှင်းလင်းတယ်လို့လည်း ပြောပြခဲ့ပါတယ်။ “ကျွန်မတို့တွေ ကိစ္စပြီးသွားပြီဆိုရင် ရှင်းလင်းတဲ့အဖွဲ့ကလာရောက်ပြီး အခန်းမှာရှိတဲ့အရာတွေအားလုံးကို ရှင်းလင်းကာ ဖျက်ဆီးသင့်တာတွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီအဖွဲ့ရှိတယ်ဆိုတာကို ကျွန်မအနေနဲ့ ကြားပဲကြားဖူးပြီး သူတို့တွေက ကျွန်မတို့သွားမှရောက်လာဆိုတော့ သူတို့တွေရဲ့ မျက်နှာကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂန်နမ်မှာရှိတဲ့ နောက်ထက်ကလပ်တစ်ခုဖြစ်တဲ့ Club Arena ရဲ့ ၀န်ထမ်းဟောင်းရဲ့ ပြောပြချက်အရကတော့ VIP ဧည့်သည်တွေလာရောက်ပြီး ကလပ်ထဲမှာ ပြည့်တန်ဆာတွေနဲ့ စိတ်ကျေနပ်မှုကိုရှာပြီးတဲ့အခါကျရင် စီမံခန့်ခွဲတဲ့ဌာနက အခန်းထဲက စားပွဲတွေ၊ ထိုင်ခုံတွေကို ရှင်းလင်းဖို့အတွက် လာတယ်လို့ သိရပါတယ်။

ဒီလိုမျိုးတွေရှင်းလင်းပြီးပေမယ့်လည်း လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုပေးခဲ့ရတဲ့ မိန်းကလေးတွေကတော့ လမ်းပေါ်ကို အမှိုက်လိုမျိုးပဲ ပစ်ထုတ်ခံကြရတာ ဖြစ်ပါတယ်။ Burning Sun ကလပ်က VIP တွေကတော့ မိန်းကလေးတွေကို တားမြစ်စိတ်ကြွဆေးတွေသုံးပြီး ရေချိုးခန်းတွေထဲမှာ သတိမေ့မျောနေအောင် မုဒိန်းကျင့်ကာ ပြီးရင်တော့ ထားပစ်ခဲ့ကြတယ်လို့ ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရှင်းလင်းတဲ့အဖွဲ့ကလာရောက်ပြီး ထိုမိန်းကလေးတွေကို ကလပ်အပြင်ကို ဆွဲထုတ်ခေါ်သွားကြကာ သူမတို့တွေရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ကလပ်ရဲ့ လက်ပတ်ကို ဖြုတ်ပစ်ခဲ့ကြပြီး ကလပ်ထဲမှာ ဆေးသုံးခဲ့တယ်ဆိုတဲ့ သက်သေတွေကို ဖျောက်ပစ်ခဲ့တယ်လို့လည်း ဆိုပါသေးတယ်။

Burning Sun ကလပ်ထဲက အကြောင်းတွေကိုတော့ “VIP တွေ ဆေးခြောက်သုံးလို့ရအောင် ဒါမှမဟုတ် မိန်းကလေးတွေကို တားမြစ်ဆေးတွေပေးသုံးလို့ရအောင် ကလပ်ထဲမှာက သန့်စင်ခန်းတွေ အများကြီးရှိပါတယ်။ VIP အခန်းတွေထဲမှာရှိတဲ့ ရေချိုးခန်းတွေမှာဆိုရင် VIP တွေက အဲဒီပြည့်တန်ဆာတွေကို မုဒိန်းကျင့်ကြပြီး VIP အများစုကတော့ သူတို့တွေစိတ်တိုင်းကျဆက်ဆံပြီးရင် မိန်းကလေးတွေကို ရေချိုးခန်းတွေထဲမှာပဲ ပစ်ထားခဲ့ကြတာပါတယ်”

“ကလပ်မှာက စည်းကမ်းတစ်ခုရှိတယ်။ အဲဒါကတော့ အဲဒီမိန်းကလေးတွေကို ကလပ်အပြင်ဆွဲထုတ်လိုက်ရပြီဆိုရင် သူတို့တွေရဲ့ လက်ပတ်ကိုဖြုတ်ရတယ်။ အဲဒီတော့မှသာ ဒီတစ်ယောက်က တခြားတစ်နေရာရာမှာ ဆေးသုံးလာပြီး ကလပ်ကိုလာတာပါဆိုတဲ့ ပုံစံမျိုးဖြစ်အောင်ပေါ့”

“သူတို့တွေက Burning Sun က မဟုတ်ဘူးဆိုတဲ့ သက်သေပုံစံလည်း ဖြစ်သွားတာပေါ့။ မေ့မျောနေတဲ့ သူတို့တွေကို နှိုးဖို့အတွက်ကတော့ ကလပ်ရဲ့အပြင်က ခုံရှည်ကိုခေါ်သွားရပါတယ်’ လို့ Burning Sun ရဲ့ ၀န်ထမ်းဟောင်းတစ်ယောက်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကလပ်ဟာ ပြည့်တန်ဆာမိန်းကလေးတွေကို သူတို့တွေရဲ့ VIP ဧည့်သည်တွေပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သတ်လို့ သေချာဂရုတစိုက်နဲ့ ဆောင်ရွက်ပေးပြီး တကယ်လို့များ VIP ဧည့်သည်တွေက မိန်းကလေးတွေကို မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့သတင်းများ ထွက်ပေါ်လာခဲ့ကြရင်လည်း ကလပ်က သူတို့ရဲ့ ဧည့်သည်တွေကို အရင်ဆုံးကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

MBC ရုပ်သံဌာနကတော့ Burning Sun နဲ့ တိုက်ရိုက်ပါဝင်ပတ်သတ်နေတဲ့ Seungri နဲ့ Yang Hyun Suk တို့အပါအ၀င် တခြားသောတာဝန်ရှိသူတွေကို ရဲတွေအနေနဲ့ အသေအချာစုံစမ်းစစ်ဆေးဖို့အတွက် ထောက်ခံထားပါတယ်။

momolay