လူတွေရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့သော်လည်း ချီးကျူးမခံရသူ အမေ့လျော့ခံ မြန်မာပိုင်းလော့တဦး

ဗဟုသုတစုံ

လူတွေရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့သော်လည်း ချီးကျူးမခံရသူ အမေ့လျော့ခံ မြန်မာပိုင်းလော့တဦး

မေ့လို့ကျန်ခဲ့မှာကို အားနာပါတယ်လေ

ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမဖြစ်မီ မြန်မာ့လေကြောင်းခေတ် ကျွန်တော် Fokker-27 (ယခုပြည်သူ့ ဥယျာဉ်ထဲကလေယာဉ်) Copilot ဘဝက လေယာဉ်ဘီးချမရတဲ့ အလားတူ Case မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်။

Captain က ကျွန်တော့်ဆရာ Capt. Soe Han (San Hoe) Copilot က ဦးတင့်ဆွေ… ရန်ကုန်ကနေ တာချီလိတ်အသွား ဆင်းခါနီး ဘီးချတော့ Nose Wheel ရှေ့ဘီးမကျဘူး။

ခရီးသည် ၄၃ ယောက်… မှောင်ခိုခေတ်ဆိုတော့ Weight ကအပြည့်ထက် လျှံနေတယ်ပေါ့… လေယာဉ်က တော်တော် စုတ်နေပီ ( Landing တခါဆင်းပြီးရင် ဆင်းမစစ်ဘဲ နောက်ခရီးစဉ်သွားဖို့ ခရီးသည်ထပ်မခေါ်ရဲဘူး)

ဒီနေရာမှာ ဆရာ့အကြောင်းပြောပြရရင် အင်မတန်သဘောကောင်းပြီး တခေတ်မှာတယောက်ဆိုသလို Born Flyer လေယာဉ်မောင်းတဖက်ကမ်းခတ် ပါရမီရှင်ပါ… ပျော်ပျော်နေတတ်ပြီး တပည့်တွေအပေါ် သူငယ်ချင်းပေါင်း ပေါင်းတတ် သူပါ။

ထုံးစံအတိုင်း Procedure အရ လုပ်ပေမယ့် ဘီးမကျဘူးပေါ့… တာချီလိတ်ဟာ တောင်ကြားအရပ်မို့ ဝိတ်အပြည့်နဲ့ တော်တော်ဂရုစိုက်မောင်းရပါတယ်… လေယာဉ်ပျက်ကျခဲ့ဖူးတဲ့ သာဓကလည်းရှိပါတယ်… ဒါကြောင့် 2g turn (45 degrees steep turn) ဆွဲပြီး ကမ္ဘာ့ဆွဲအားနဲ့ ဘီးချဖို့ အခွင့်အရေးမရခဲ့ပါဘူး။

အဲတော့ သွေးအေးလှတဲ့ ဆရာက လေယာဉ်ကို နောက်ဘီးနှစ်ဘက်နဲ့ ပြေးလမ်းကို ဆောင့်ချတယ်… ခေါင်းကိုမချဘဲ ဆွဲမော့ထားတယ်… ရှေ့ဘီးကျသွားမသွား စောင့်ကြည့်လိုက်သေးတယ်… မကျဘူးဆိုတော့မှ လေယာဉ် power ထိုးပြီး အသာလေးပြန်တက်သွားတယ်ဗျာ… တခါမဟုတ်ဘူးနော် ၂ခါတိတိလုပ်သွားတာ။

ကျွန်တော်အတွေ့အကြုံအရ လေယာဉ်တစီးကို နောက်ဘီးနဲ့ ဖြုတ်ချပြီး ရှေ့ဘီးမထိစေဘဲ ပြန်တက်သွားဖို့ဆိုတာ တော်ရုံ စကေးနဲ့ မလုပ်ရဲသလို ပျံသန်းချိန်သောင်းချီနေပြီး လုပ်သက် ၂၂ နှစ်ရှိတဲ့ ကျွန်တော်တို့တောင် အလွန်ဂရုစိုက်ပြီး လုပ်ရ မှာပါ။

စကားဆက်ရရင် ဘီးမကျတော့ မဆင်းဘူးဗျ… ခပ်တည်တည်နဲ့ မန္တလေးကို မောင်းချသွားတယ်… လေထဲမှာဝဲပြီး သေချာ အောင် 2G(gravity) turn ဆွဲတယ်… ရှေ့ဘီးကျချင်လာတဲ့ လက္ခဏာတွေတွေ့လာရတယ်… ပြီးတော့ မန္တလေးပြေးလမ်း ကို နောက်တခါ နောက်ဘီးနဲ့ထပ်ဆင်းပြီး ကြည့်လိုက်သေးတယ်။

ဒုလေယာဉ်မှူးကမေးတယ် “ကိုစိုးဟန် ဆင်းမရရင် ခင်ဗျားဘာလုပ်မှာလဲ?”တဲ့… ဆရာက ရီကျဲကျဲနဲ့ မထီတရီ ပြောလိုက် တယ် “ခါးပတ်သာပတ်ထား ဘာမှမဖြစ်ဘူး ရွာကလယ်မှာ ထယ်ထိုးသလိုသဘောထား သူ့ဟာသူရပ်သွားလိမ့်မယ် မသေနိုင်ဘူး”တဲ့လေ

နောက်ဆုံးတကြိမ် ဆရာထပ်ဆင်းလာတယ်… ရှေ့ကကြိုးစားခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောက်ဘီးနဲ့ဆင်းအပြီးမှာ ရှေ့ဘီးဟာ ဆတ်ကနဲကျပြီး Lock ဖြစ်သွားတယ်… တွေဝေမနေဘဲ အသာလေးခေါင်းချပြီးဆင်းသွားတယ်လေ

အကျိုးဆက်က ခရီးသည်တွေအကုန် ထိခိုက်မှုဘာမှမရှိတဲ့အပြင် လေယာဉ်ပျက်ကျလို့ မီးလောင်ရင်(အဲဒီခေတ်က မီးသတ်မပြည့်စုံပါ) ဆုံးရှုံးမယ့်ဘေးက ကာကွယ်နိုင်ခဲ့တယ်… လေယာဉ်လဲ ပျက်စီးမှုတစုံတရာ မရှိခဲ့ပါ။

ဒါတွေဟာ ဒဏ္ဍာရီမဟုတ်ခဲ့သလို အခုဖြစ်ခဲ့တဲ့ Embraer လေယာဉ်မှာ ဆရာဟာ သက်ရှိထင်ရှား လေယာဉ်မောင်း နေဆဲပါ… အခုခေတ်လို မီဒီယာတွေမဖွံ့ဖြိုးခဲ့သေးလို့ ချီးကျူးခံရဖို့နေနေသာသာ အသိအမှတ်တောင် ပြုမခံခဲ့ရပါဘူး။

ဒီလိုရေးရခြင်းဟာ အခုလို မျိုးဆက်သစ်တွေကို ဂုဏ်ပြုနေချိန်မှာ ဆရာ့ကို အားနာလွန်းလို့ ဖြစ်သလို မြန်မာ့လေကြောင်း သမိုင်းဝင် ဖြစ်ရပ်တခုကို ဂုဏ်ယူစွာမှတ်တမ်းတင်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Ps. အချိန်ရရင် အလားတူဖြစ်စဉ်တွေ မှတ်တမ်းတင်ပါအုံးမည်။

Credit – ချစ်ခြင်းအားဖြင့်

အောင်ပို

၁၄-၅-၂၀၁၉