သူ့ကြောင့် နာမည်ပျက်တယ်ဆိုရင် သဘင်လောကက ဖယ်ရှားပစ်ပါလို့ ပြောလိုက်တဲ့ ဦးတိုင်းကျော်

အနုပညာကဏ္ဍ

ပြီးခဲ့တဲ့ရက်သတ္တပတ်က ထွက်ရှိတဲ့ မြန်မာတိုင်း(မ်)သတင်းဂျာနယ်မှာ ဝမ်းရေးအတွက် လမ်းဘေးထွက်ပြီး တောင်းရမ်း စားသောက်နေရတဲ့ မန္တလေးမြို့က လူရွှင်တော်ဟောင်းကြီး ဦးတိုင်းကျော်ရဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ်။ ဆောင်းပါးဖော်ပြပြီး နောက်တစ်ရက်မှာ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး တာဝန်ရှိသူတွေဟာ အမရပူရ မြို့နယ်၊ အိုးတော်အုပ်စု၊ အမိုက်စုရပ်ကွက်တောင်ပိုင်းမှာနေတဲ့ ဦးတိုင်းကျော်အိမ်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီလူရွှင်တော်ကြီးဟာ အများသိတဲ့ ဦးတိုင်းကျော်မဟုတ်သလို ငွေကြေးပြေလည်သူဖြစ်ပြီး အဆင်ပြေနေပါလျက် တောင်းရမ်းစားသောက်နေတာဟာ သဘင်အနုပညာသည်တွေကို စော်ကားသလိုဖြစ်ကြောင်း သဘင်အစည်းအရုံး တာဝန်ရှိသူတချို့က သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

ဦးတိုင်းကျော်ရဲ့ အခြေအနေဟာ တောင်းစားရမယ့် အခြေအနေမဟုတ်ဘဲ အလုပ်လုပ်နိုင်တဲ့အထိ သန်မာသူဖြစ်ပြီး လက်ရှိအချိန်မှာ ဝင်းနဲ့ခြံနဲ့ အိမ်တစ်လုံးကို တစ်လကျပ် ၁၅ဝဝဝ နဲ့ ငှားရမ်းထားတယ်လို့လည်း သဘင်အစည်းအရုံး တာဝန်ရှိသူတွေရဲ့ပြောဆိုချက်မှာ ဖော်ပြထား ပါတယ်။

အမှန်တကယ်ပဲ အဘိုးဦးတူးတစ်ဖြစ်လဲ လူရွှင်တော်ကြီး ဦးတိုင်းကျော်ဟာ စီးပွားရေးပြေလည်သူ ဟုတ်၊ မဟုတ် မြန်မာတိုင်း(မ်)အနေနဲ့ ပြန်လည်စုံစမ်းမေးမြန်းဖို့ တာဝန်ရှိတယ်လို့ မှတ်ယူပါတယ်။ ဒါကြောင့် အဘိုးဦးတူးကို မြန်မာတိုင်း(မ်)က ပြီးခဲ့တဲ့ စနေနေ့က ပြန်လည်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒါ့ပြင် သူနေထိုင်ရာ အမိုက်စုရပ်ကွက် တောင်ပိုင်း၊ ရပ်ကွက်လူမှုအကျိုးဆောင်အဖွဲ့က တာဝန်ရှိသူနှစ်ဦးကိုလည်းတွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းရာမှာ အဘိုးဦးတူးတို့နေထိုင်ရာ ခြံဝင်းဟာ သူတို့ပိုင်ဆိုင်တဲ့ မြေမဟုတ်ဘူးလို့ သိရပါတယ်။ သူ့ရဲ့ ဇနီးသည် ဒေါ်ဆွေဆွေမြင့်ဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့အပြင် မသန်စွမ်းသူတစ်ဦးလည်းဖြစ်တယ်လို့ အဘိုးဦးတူးက ပြောပါတယ်။

ဒါ့ပြင် အငှားချထားတဲ့ ၁၅ပေပတ်လည်လောက်ရှိတဲ့ သွပ်ကာဂိုဒေါင်ကို ချည်ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက သူအိမ်ဆောက်နေစဉ်မှာ ချည်လုံးတွေ ခေတ္တသိုလှောင်ဖို့ တစ်လ ငွေကျပ် တစ်သောင်းခွဲနဲ့ ငှားရမ်းဖို့ အကူအညီ တောင်းထားတာဖြစ်ပါတယ်။

”သူတို့ကို ထောက်ပံ့တဲ့ သဘော၊ ကူညီတဲ့သဘောဖြစ်အောင်ပါ”လို့ ဂိုဒေါင်တစ်နေရာစာ ငှားရမ်းသူ ဒေါ်မာတင်က မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့ပါတယ်။

ဒေါ်စိန်စိန်မြင့် (အမျိုးသမီးအဖွဲ့ခေါင်းဆောင်၊ ရပ်ကွက်လူမှုအကျိုးဆောင်အဖွဲ့၊ အမိုက်စုရပ်ကွက်တောင်ပိုင်း) ၏ပြောကြားချက်

”(ဇာတ်မင်းသား)ကိုဝင်းနောင်က မင်းသားတစ်ယောက်ဖြစ်တော့ ရပ်ကွက်က သူ့ပရိသတ်တွေရှိတယ်။ ပျော်ပြီး ဝင်းနောင်နဲ့ ဓာတ်ပုံရိုက်နေတာနဲ့ အန်တီတို့လိုပြောနိုင်တဲ့သူတွေက ဒီအဘိုးကြီးရဲ့ အချက်ကျတဲ့အချက်တွေကို ပြောမပြလိုက်ရဘူး။ မတ်တပ်ရပ်ပြီး အသာပြန်ခဲ့ရတယ်။ ရပ်ကွက်ထဲက ပြောရေးဆိုခွင့် ရှိသူတွေနဲ့ တွေ့ရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ပြီးတော့မှ ဘယ်လိုလုပ်သင့်တယ် ဘယ်လိုဆိုတာ စစ်ဆေးမေးမြန်းနိုင်ပါတယ်။ ဒီလိုမလာဘဲ တိုက်ရိုက်လာတဲ့အတွက် ရပ်ကွက်နဲ့ မင်းသားနဲ့ တွေ့သွားတဲ့အခါ ထုံးစံအတိုင်း ဓာတ်ပုံတွေရိုက်ကြ၊ ဆဲလ်ဖီတွေဆွဲကြဆိုတော့ ပြောနိုင်တဲ့သူတွေ ပြောခွင့်မရလိုက်ဘူး။ ကိုဝင်းနောင်တို့နဲ့ ဘာမှမပြောလိုက်ရတဲ့အတွက် ခိုင်လုံတဲ့အကြောင်းအရာတစ်ခုမှ အွန်လိုင်းပေါ် တက်လာတာ မရှိဘူးလို့ပြောချင်ပါတယ်။ ဒါလည်း အဘကိုသနားလို့ ရှင်းပြတာ။ သူနေရလှ နောက်ထပ်ငါးနှစ်ပေါ့။ ဒီငါးနှစ်လေးကို အန်တီတို့လိုလူငယ်တွေက သူတို့စိတ်ချမ်းသာအောင် ဘယ်လိုကူညီမလဲ ဆိုတဲ့စိတ်မျိုးရှိပါတယ်။ ဇာတ်သဘင်လောကအနှောက်အယှက် မဖြစ်စေရပါဘူး။ အန်တီတို့ ရပ်ကွက်ရဲ့ အာမခံချက်ပေါ့ … ဇာတ်သဘင်လောက သိက္ခာကျအောင် လုပ်တယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။

ဦးထွန်းထွန်းဦး (အတွင်းရေးမှူး (၂)၊ ရပ်ကွက်လူမှုအကျိုးဆောင်အဖွဲ့၊ အမိုက်စုရပ်ကွက်တောင်ပိုင်း) ၏ပြောကြားချက်

”လက်ရှိဦးတိုင်းကျော်တို့ နေထိုင်တဲ့ မြေနေရာဟာ သူ့ဇနီးသည် ဒေါ်ဆွေဆွေမြင့်ရဲ့ မိခင်ဒေါ်သိန်းရှင် ပိုင်ဆိုင်ခဲ့တဲ့ မြေဖြစ်တယ်လို့ ဦးထွန်းထွန်းဦးက ဆိုပါတယ်။ ဒေါ်သိန်းရှင်ကွယ်လွန်ပြီး အတော်ကြာမှ အဘိုးဦးတူးတို့က လက်ရှိနေရာမှာ ဝင်နေခဲ့သလို ဦးတူးရဲ့ ဇနီးသည်ဒေါ်ဆွေဆွေမြင့်ရဲ့ အစ်မနဲ့လည်း လုံးဝအဆက်အသွယ်ပြတ်နေတယ်” လို့ ဆိုပါတယ်။

”ပိုင်ဆိုင်မှုကို အတိအလင်းစုံစမ်းလို့မရဘူး။ ရောင်းစားသွားတယ်လို့လည်း ကြားတယ်။ ဝယ်တဲ့သူက ဆွေမျိုး နီးစပ် တယ်လို့လည်း ကြားရတယ်။ ပိုင်ဆိုင်မှုစာရွက်စာတမ်း မရှိဘူး။ ဒီအဘိုးကြီးသက်တမ်းပေါ့။ ညီအစ်မ နှစ်ယောက်ပိုင် တာဆိုတော့ နေလို့ကတော့ နေပိုင်ခွင့်ရှိတယ်။ ရောင်းစားခွင့်မရှိဘူးထင်တယ်”

အဘိုးဦးတူး (ဦးတိုင်းကျော်)နှင့် တွေ့ဆုံမေးမြန်းမှု

မေး။ ။ဘယ်အရွယ်က လူရွှင်တော်စဖြစ်ခဲ့သလဲ၊ ဘယ်ဇာတ်တွေမှာကပြခဲ့ပါသလဲ။

ဖြေ။ ။အသက်၂ဝ မပြည့်ခင်မှာ မှုံရွှေရည်အငြိမ့်။ ဒုတိယနှစ်မှာဒဂုန်စိန်သန်းတို့နဲ့ အခုလက်ရှိအငြိမ့် (တစ်ခု)မှာ ခေါင်းဆောင်ဖြစ်နေတဲ့ လူရွှင်တော်ပွင့်လင်း၊ လူရည်ချွန်အငြိမ့်ထောင်တဲ့အောင်သိုက်၊ ကျွန်တော်တို့ဟာ တစ်နှစ်တည်း လူရွှင်တော်တွေဖြစ်ခဲ့ကြပါတယ်။ အဲဒီကနေ သူတို့ကအငြိမ့်လိုင်းကို ရောက်သွားတယ်။ ဇာတ်ပညာတွေကို ခင်တွယ်ပြီး ကျွန်တော်က ကျန်ရစ်ခဲ့တယ်။ ကျွန်တော်က နောက်တစ်နှစ်မှာ မုံရွာက အောင်မင်္ဂလာရပ်မှာနေပြီး ရွှေမန်းဆန်းလင်းနဲ့ အလုပ်လုပ်ပါတယ်။ ဆရာတွေဖြစ်တဲ့ ရန်ကုန်ကျော်ဝင်းတို့၊ ကျွန်တော်တို့ အားလုံးအတူတူကပြီး ကျွန်တော်နဲ့အတူကတဲ့သူတွေ အခုမရှိကြတော့ဘူး။

မေး။ ။ဘယ်အချိန်မှာ ဇာတ်ကတာနားပြီး လမ်းဘေးမှာ တောင်းရမ်းနေခဲ့တာပါလဲ။

ဖြေ။ ။မနှစ်ကထိ မနားသေးဘူး။ အိမ်မှာ ကျော်စောလင်းဆိုတဲ့ဇာတ်ကြော်ငြာရှိတယ်။ ဇာတ်မထောင်ပဲ ဖြုတ်လိုက်တော့ ကျွန်တော်တို့ဘာလုပ်စားမလဲ။ အစည်းအရုံးဝင်လက်မှတ် နှစ်ခုရှိတယ်။ လမ်းဘေးထွက်တောင်းတာ ငါးနှစ်လောက်ရှိပြီ။ ကျွန်တော်တို့ကို အသက်ကြီးလာတဲ့အတွက် စာချုပ်နဲ့ ဘယ်သူမှ မခေါ်တော့ဘူး။ ကျွန်တော်တို့ ကြုံရာခေါ်ပြီး ကနေကြရတာ။ ပိုက်ဆံလည်း ပေးချင်မှပေးမယ်၊ မပေးချင်မပေးဘူး။ ကျွန်တော်တို့ကလည်း ဝါသနာ လည်း မစွန့်နိုင်တော့ ဒီလိုနဲ့ ဟိုနားလိုက်က ဒီနားလိုက်က ကရင်းနဲ့ ငါးနှစ်တိတိကျင်လည်ခဲ့တယ်။ ငါးမည်ရ တင်သိန်း၊ မြို့တော်တင်ဝင်းတို့နဲ့ ဇာတ်ကခဲ့တယ်။ ဇာတ်ကရင်း မဝပါဘူး။ အဲဒီအချိန်ကတည်းက ပလတ်စတစ်လည်း ကောက်ပါတယ်။ နယ်မှာသွားရင်းလာရင်း ပလတ်စတစ်ကောက်ရင်း ဇာတ်ကတယ်။

မေး။ ။ဦးတိုင်းကျော်က မြေပိုင်အိမ်ပိုင်ရှိတယ်။ ပြေလည်ရဲ့သားနဲ့ တောင်းစားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ ။ဒီကလေး (ဇနီးသည်) နဲ့တွေ့တာ။ ကျွန်တော်ကဘူတာမှာအိပ်တယ်။ တွေ့တော့ သူနဲ့အတူ ပေါင်းသင်း နေတာ ၂၇ နှစ် လောက်ရှိပြီ။ အိမ်မရှိ၊ ယာမရှိဘဝကနေ သူ့အမေဒေါ်သိန်းရှင်သေတာ မသိလိုက်ဘူး။ ဒါက ဒေါ်သိန်းရှင်ရဲ့ မြေနေရာပါ။ သေပြီးခြောက်လလောက်နေမှသိတာ။ ဒီအရပ် (လူတွေ)က ကျွန်တော့်ကို လိုက်ရှာပြီးတော့ ဈေးချိုမှာလုပ်တဲ့ ခင်ဗျားယောက္ခမသေပြီ။ ဒီပြန်လာကြဆိုပြီးလာပေမယ့် ဒီထဲမှာမနေရပါဘူး။ တခြားမှာတဲလေးဆောက်နေတယ်။ ဒါပေမယ့် ဒီမှာနေတဲ့သူတွေက ‘ဝင်နေတော့လို့ ပြောတော့’ ကျွန်တော်တို့ တံခါးတွေ ဘာတွေ ရိုက်ဖျက်ပြီး ဝင်နေရင်းက နေဖြစ်သွားတာ။ ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ မြေက ဒီကလေး (ဇနီးသည်)လည်း မပိုင်ဘူး၊ သူ့ညီမ မိမော်လဲ မပိုင်ဘူး။ ဆိုင်တော့ဆိုင်တယ်။ သူတို့နှစ်ယောက်ပေါင်းပြီး သဘောတူ ညီချက်ရမှ ရောင်းချင် ရောင်းမယ်။ (သူတို့ညီအစ်မ) ပေါင်းဖို့ရာ ရှာဖို့ရာကိုခက်နေတာ။ လုံးလုံးအတွေ့မခံဘူး။

မေး။ ။သဘင်အစည်းအရုံးက တာဝန်ရှိသူတွေကို ဒီအကြောင်းတွေပြောပြပါသလား။

ဖြေ။ ။ဒီအကြောင်းတွေ လုံးလုံးမမေးပါဘူး။ သူတို့ရိုက်ချင်တာ ရိုက်သွားတာ။ ကျွန်တော် အိမ်နဲ့နေပါတယ် ဆိုတာကို ရပ်ကွက်ထဲက မိန်းမတွေနဲ့ ဒါဦးတိုင်းကျော်အိမ်ပါဆိုပြီး အိပ်တဲ့အိပ်ခန်းအထိရိုက်သွားတယ်။ အိမ်သာ မရှိတာ မပါဘူး။

မေး။ ။ဇာတ်မင်းသားဝင်းနောင်က သူ့ဇာတ်ကိုခေါ်သွားချင်တယ်လို့လဲ ပြောတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင် ပါသလဲခင်ဗျာ။

ဖြေ။ ။အဘအသက်ကြီးပါပြီ။ ကူညီထောက်ပံ့မယ့်သူရှိရင်လည်း အဘကုသိုလ်ကံပေါ့။ မကူညီဘူး၊ မထောက်ပံ့ဘူး ဆိုလည်း ဘယ်လိုပဲဖြစ်ဖြစ် အဘငါးပါးသီလလုံခြုံတယ်။ သူများပစ္စည်းမခိုးဘူး၊ မလိမ်ဘူး။ အခုပြောတဲ့စကားတွေဟာ လိမ်ပြီးပြောတာ တစ်ခွန်းမှမပါဘူး။ …ဇာတ်ထဲကို မလိုက်နိုင်တော့တာ အမှန်ပါ။ သူတို့အနေနဲ့ မလိုက်ရင် ဘာမှ မတတ်နိုင်ဘူးဆိုရင်လည်း အဘကုသိုလ်ကံနဲ့ အဘပေါ့။

မေး။ ။အဲဒီလိုဆို ဘယ်လိုရှေ့ဆက် ရပ်တည်သွားမလဲခင်ဗျာ။

ဖြေ။ ။တို့မှာဘုရားရှိပါတယ်။ ကံဆိုတာ ပြုလုပ်ခြင်းပဲ။ ကောင်းတာလုပ်ရင် ကောင်းတာရပါမယ်။ ကံစီမံတဲ့အတိုင်းပဲသွားပါလိမ့်မယ်။

မေး။ ။သတင်းတွေအရ အဘကဒီလို လမ်းပေါ်တက်တောင်းရမ်းနေတာ သဘင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာ ကျတယ်လို့ မြင်တယ်လို့ပြောတာတွေရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုဖြေရှင်းချက်ပေးချင်လဲခင်ဗျာ။

ဖြေ။ ။ကားဂိတ်တွေမှာ ကျွန်တော်လူရွှင်တော်ကြီးပါဆိုပြီး ဒီကတ်ပြားကြီးထုတ်ထုတ်ပြပြီး တောင်းတာ မဟုတ်ပါဘူး။ လူတိုင်းကလည်း လူရွှင်တော်မှန်း မသိပါဘူး။ အခုမှ ကျွန်တော်လူရွှင်တော်မှန်းသိတာ။ ကျွန်တော် လူရွှင်တော်ကြီးပါဆိုပြီး ကတ်ပြားပြပြီး ဘယ်ကားကိုမှ မတောင်းခဲ့ဘူး။ ကျွန်တော့်ရဲ့ ခံယူချက်ပါ။ ဒီနေ့ တစ်ထောင် ပေးမယ့်သူက နှစ်ရာပဲ ပေးသွားပါစေ၊ ကျွန်တော်အဲဒါနဲ့ဖြစ်အောင်စားမယ်။ လူရွှင်တော်မှန်းသိလို့ စေတနာအလျောက်ပေးရင် တစ်ထောင်တန်သုံးရွက်ပေးရင် သုံးရွက်လုံးယူပါတယ်။ ပြန်မအမ်းပေးပါဘူး။ စေတနာအရ ပေးတာကို ယူပါတယ်။ ကျွန်တော်ဟာ အနုပညာလောကမှာ ဘယ်နှစ်နှစ်လုပ်ပါတယ်ဆိုတာ ဘယ်သူ့မှမပြောပါဘူး။ သတင်းထောက်တောင်မှ နောက်မှသိရတာပါ။ ရပ်ကွက်ထဲကလည်း ပလတ်စတစ်သွားကောက်တယ်ပဲထင်တာပဲ။ မသေမချင်းကတော့ ကလေး (ဇနီးသည်)ကို ကုန်းရုန်းရှာကျွေးသွားမှာပါ။ ကျွန်တော်ကုသိုလ် ရတာပေါ့။

မေး။ ။ နောက်ဆုံးတစ်ခု မေးချင်တယ်။ အဘက တကယ်လို့ဒီလိုဆက်ပြီးလုပ်ကိုင်စားသောက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အသိအမှတ်မပြုတော့ဘူး။ လူရွှင်တော် အနေနဲ့ အသိအမှတ်မပြုတော့ဘူးဆိုခဲ့ရင် အဲဒီအပေါ် ဘာပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ ။သူတို့ပြုချင်တာပြုပါ။ သူတို့က အကြီးအကဲတွေပဲ။ သူတို့ကောင်းမယ်ထင်လို့လုပ်တဲ့ ကိစ္စတစ်ခုကို ငါတို့ စောဒက မတက်ပါဘူး။ အကယ်၍ သဘင်လောကကနေ ဖယ်ရှားပစ်မယ်၊ အဲဒါတင်မက အသက်က လွဲလို့ အမျိုးမျိုး ညှင်းပန်းနှိပ်စက်မယ်ဆိုရင်တောင် ခံဖို့အသင့်ပဲ။ တကယ်လို့ ငါ့ဘက်က မှားတယ်ဆိုရင်၊ တောင်းစားတာ မှားတယ် ဆိုရင် သူတို့သဘောကျ ဖြစ်လို့ရပါတယ်။ သဘင်လောကတစ်ခုလုံး နာမည်ပျက်တယ်၊ သိက္ခာကျတယ်ဆိုရင် ကျွန်တော့်ကို သဘင်လောကမှာ မထားပါနဲ့။ ကြိုက်သလိုလုပ်ပါ။

ဒီလိုတက်လာတဲ့ကိစ္စက ပထမဆုံး တွတ်ပီ(တုတ်ထိုး) ဆိုင်ပိုင်ရှင်က တစ်သောင်းလှူရင်း ဓာတ်ပုံရိုက်သွားတာပါ။ အဲဒါပြီးတော့ မောင်ရင်နဲ့တွေ့တယ်။ မောင်ရင်က မြန်မာတိုင်း(မ်)မှာရေးလိုက်တယ်။ (သဘင်) အစည်းအရုံးက လူကြီးတွေသိနေတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သိတယ်။ တောင်းစားနေမှန်း။ မသိချင်ယောင်ဆောင်နေကြတာ။ သူတို့ဆိုင်ကယ်ကြီးနဲ့လာတယ်၊ ကားနဲ့လာတယ် တွေ့တယ်။ သူတို့လည်း ခပ်မှန်မှန်ပဲ ကိုယ်လည်းခပ်မှန်မှန်ပဲ။ သူကလည်း နှုတ်မဆက်ပါဘူး၊ ကိုယ်ကလည်း နှုတ်မဆက်ပါဘူး။

မေး။ ။နောက်ထပ် ဘာပြောချင်သေးပါသလဲခင်ဗျာ။

ဖြေ။ ။တို့သက်ကြီးလူကြီးတွေက တော်တော်အားနည်းနေပါတယ်။ အားဖြည့်မှာလား၊ တွန်းလှဲမှာလား။ အဲဒီနှစ်ခု ကို စဉ်းစားကြပါတော့။ သေခါနီးကိုတော့ အသက်ထွက်အောင် မလုပ်ပါနဲ့။ ဒါပါပဲ။

Credit – Myanmar Times